ဧည့်စာရင်း မတိုင်တဲ့ ကဗျာ
ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ်။
ဘယ်နေ့သွားမယ်။
ဘယ်မှာတည်းမယ်။
ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ
ဘယ်ခွေး တကောင် ကြောင်တမြီးကိုမှ ပြောနေစရာမလိုဘူး။
ဒီမြေက ငါ့မြေ။
ဒီလူတွေက ငါ့လူတွေ။
ဒီရေက င့ါ့ရေ ။
ဒီသစ်ပင်က ငါ့သစ်ပင်။
ဒီကျွဲက ငါ့ကျွဲ။
ကဲ...။
ငါ့အမျိုးတွေလဲ ဒီမြေပေါ်မှာနေ
ဒီမြေပေါ်မှာ ပျော်ပျော်ပဲ
သေပွဲဆင်ခဲ့ကြရဲ့။
အဖိုးသေတယ်လေ။
အမေတို့ အမတို့ 
ရိုးရာမပျက်၊
ကျွက်ကျွတ်ညံ ငိုကြရဲ့
အဖေနဲ့ ဘကြီး ဦးစံသိန်း တို့က ချက်အရက်တွေသောက်
တယောက်တပေါက် ငြင်းခုန်။
ငါ၊ ငါ့ယောက်ဖနဲ့ အပေါင်းသင်းတသိုက်
အော်ကြီးဟစ်ကျယ် ဖဲရိုက်ကြတယ်။
တညလုံး ...။
ရပ်နီးရပ်ဝေး ဧည့် တရုန်းရုန်း၊
ငါ့ ခွေး တီလုံး ခမြာ နေရာမရ။
အုံးအုံးကျွက်ကျွက်နဲ့ အသုဘ။
အားရပါးတ ရ ရှိလှရဲ့..။
'' အဘ ရေ ထ ကြည့်စမ်း ဗျ '' လို့  ဒို့ ဟစ်ကြွေး ကြ ။
အေး ...။
ဒို့  ဘယ်သူမှ ဧည့်စရင်း မတိုင်ကြဘူး ။
ငါဟာ လူသား၊
လွတ်လပ်စွာ သွားချင်ရာသွားခွင့်ရှိနေတယ်။
လင်းယုန်တကောင်လို တိမ်လွှာ ကိုခွဲပြီး
ဤခရီးကို သွားမယ်။
မွေးမြူရေးခြံထဲက တိရစ္ဆာန်တွေလို
ဒီနေ့  ဘယ်နှစ်ကောင်ပျောက်၊
ဘယ်နှစ်ကောင်တိုး
( ဒီမှာ - ရိုးရိုး လေး ပြော မယ် )
အစစ်.ဆေး..ခံ..နေစရာ.. င့ါ့မှာ ...အကြောင်း...မရှိ ။
မိတ်ဆွေ ငဲ့ …။
သင့်မှာလည်း အကြောင်းမရှိဘူး။
ငါဟာ လွတ်လပ်တဲ့ လူသား။
ပညတ်တော်ဆယ်ပါးမှာ ဧည့်စရင်း တိုင်ကြလို့ မပါဘူး။
မဂ္ဂင်ရှစ်ပါးမှာ ဧည့်စရင်းတိုင်ကြလို့ မပါဘူး။
ငါ့နိုင်ငံထဲမှာ ငါဘယ်သွားသွား ဘယ်လာလာ
ဘယ်သူ့ကိုမှ သံတော်ဦး တင်စရာ မလို။
ဧည့်စရင်း တိုင်စရာလည်း မလိုဘူး။
မိန်းမ ရေ
အထုပ်အပိုးတွေပြင်
ငါ့ မယ်ဒလင် ယူခဲ့။
လာ ဒို့ ခရီးထွက်မယ်
လှေပေါ်တက် ၊
ရွက်လွင့်မယ်။
- မိုးသီးဇွန်-
Labels: ကဗျာ