သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Friday, June 19, 2009

ရဲရဲတောက် နှင်းဆီ

ရဲရဲတောက် နှင်းဆီ

From The Lady


စိမ့်ယိုပေါက်ကွဲ
အဟုန်ပြင်းသွက် လွင့်စင်ထွက်၊
အနီရောင် အဖွင့်အခက်
သွေး အစက်စက် ...
ဟောင်းအိုဆွေးမြေ့ နံရံများ
ပတ်ကြားကွဲအက် ပြိုကာပျက်၏။

သူသည် …
ပါးစပ်ရာဇ၀င်၊ ပုံပြင်မဟုတ်
ကောလာဟလ၊ ဒဏ္ဍာရီမဟုတ်
နှင်းဆီပွင့်ချပ် ပွင့်ဖတ်တစင်း၏
တိုက်ပွဲဝင်မှု မုန်တိုင်းတခု။
မိုးခြိမ်းသံတို့ တဖြောင်းဖြောင်းထွက်
လျှပ်ပန်းနွယ်တို့ ပြိုးပြိုးပြက်
ရုန်းကြွထိုးတက်၊ မိုမောက်ချွန်ထက်
စူးသွားတလက် …
မိုးတိမ်လွှာ ကမ်းပါးရံနှင့်
အာကာပြင်ထက် ထိုးခွဲတက်၏။

သူသည် …
သားကောင်နှင့် ထောင်ခြောက်မဟုတ်
တည်ကြက်နှင့် ညွှတ်ကိုင်းမဟုတ်
နှင်းဆီစူးသွား၏ ထူးခြားသည့် ရိုးရိုးရှင်းရှင်း အခင်းအကျင်း။


လေဒဏ် ရေဆန် လောကဓံ
ကြံ့ကြံ့လည်းခံ အားမာန်မလျှော့၊
မွှေးကြော့သန့်စင် ကမ္ဘာတခွင်
သူ့ဖြစ်အင် …
ကိုယ်တိုင် လောင်မြိုက်
ကျွမ်းလောင်လှိုက်စား မွှေးပျံ့သွား၏။

သူသည် …
ရုပ်သေးရုပ်နှင့် မီးစာမဟုတ်
ပျော်တော်ဆက်နှင့် နင်းကြမ်းမဟုတ်
ရဂုံရနံ့သင်းဖွဲ့သည့်
ပကတိဖြစ်စဉ် သူ့ဂုဏ်အင်။

ပြင်းပြ 'နေ' နှင့် အက်စစ် 'မိုး' လည်း
ရဲရဲနီစွေး သူ့အသွေးကို၊
ဖျော့တော့ အရောင်အဆင်း
တိုက်ချွတ်နိုင်ခြင်း အလျဉ်းမရှိ၊
အချိုးအကွေ့ အလှည့်အပြောင်း
ထောင်းထောင်းညက်ချေ ခံနိုင်လေ၏ -။

သူသည် …
ဒူပေနာပေ မေတ္တာရှင်နှင့်
သစ္စာတရား လက်ကိုင်ထားသည့်
ပီဘိ ခန္တီပါရမီရှင်
မဟာ အာဇာနည်ပင်။
အိုဟောင်းမှုန်မွှား ကာလများစွာ
ကျိန်စာအလား လွင့်စင်သွားလည်း၊
ဝတ်မှုန်အမွေ
ကြဲဝေဖြန့်ကြက် မျိုးဆက်များသို့၊
ခေတ်သစ်ရာသီ
အလီလီကျော်နင်း လွင့်ပြယ်ခြင်းမရှိ၊ မြဲမြံ၏။

သူသည် …
သူရဲကောင်းတို့ ခေါင်းဆောင်
မြန်မာ့ဥသျှောင်
မျိုးကောင်း ဇာနည် ဘာမထီ၊
ကမ္ဘာတည်မည့်
ရဲရဲတောက် နှင်းဆီ
ဒေါ်အောင်ဆန်းစုကြည် ...။ ။

ရဲရင့်အောင်

(မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့သို့ ဂုဏ်ပြုရေးဖွဲ့ပါသည်။)
http://drlunswe.blogspot.com/ မှ ကူးယူ ဖော်ပြပါသည်။

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP