သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, September 27, 2009

အင်အားကြီးမားသော ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်း

အင်အားကြီးမားသော ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်း


ကာမဂုဏ်မခံစားဘဲ တရားအားထုတ်နေသော သူတို့ကို(ဗုဒ္ဓသံဃာ) သူတော်သူမြတ်များ အဖြစ် ယခုခေတ် လူတို့က အသိအမှတ်ပြုကြသော်လည်း ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဉ်သည် ဤကမ္ဘာ၊ ဤလူ့ဘုံနှင့် အံမ၀င်၊ ခွင် မကျဘဲ သူတို့၏ ၀ါဒသည်လည်း ကြာရှည်လေးမြင့်တည်တံ့မည်မဟုတ်ဟု လူတို့ယုံကြည်ကြ၏။
သို့ရာတွင် ဤ ယုံကြည်ချက်မှာ သမိုင်းဖြစ်ရပ်များနှင့် ဆန့်ကျင်လျက်ရှိ၏။

ဗုဒ္ဓသံဃာသည် လူ့သမိုင်း၌ အသက်အရှည်ဆုံးအဖွဲ့ဖြစ်၏။ စစ်တပ်သင်္ဘောနှင့် တရားသူကြီးများဖြင့် ကာ ကွယ်စောင့်ရှောက်ခဲ့သော ကမ္ဘာ့အင်ပါယာ နိုင်ငံကြီးများသည် နှစ်ပေါင်းသုံးရာထက် ပို၍ မတည်တံ့ခဲ့ချေ။
လောဘ၊ ဒေါသနှင့် မောဟ ပေါ်၌တည်ဆောက်ထားသော ထိုအင်ပါယာကြီးများသည် ပျက်စီး ပျောက်ကွယ် ခဲ့ သော်လည်း
ခြိုးခြံစွာကျင့်မှု၊ သတ္တ၀ါများကို ကြင်နာသနားမှု၊ စိတ်နှိမ့်ချမှု၊ ဘာဝနာပွားများမှု စသော လူ အများ အထင်အမြင်သေးသည့်ကျင့်စဉ်ဖြင့် မထင်ရှား၊ ဗုဒ္ဓသံဃာသည်ကား နှစ်ပေါင်း ၂၅၀၀ ကျော်တည်မြဲခဲ့ ၏။
ဤအချက်ကို ထောက်ချင့်၍ အင်ပါယာကြီးများ၏ နောက်ကွယ်ရှိ ဒဿန အတွေးအမြင်မှာ အလွန်တိမ် ၍ ဗုဒ္ဓသံဃာ၏ အခြေခံတရားမှာ နက်နဲသည်ဟု
ကျွန်ုပ်တို့သိရှိနားလည်ကြရပေမည် ဟု ဥရောပ ဗုဒ္ဓစာပေ ပညာရှင် ဒေါက်တာ Edward Conze ၏ Buddhism – It’s Essence and Development စာအုပ်တွင် ရေး သား ထားသည်။

ဗုဒ္ဓ၀ါဒသည် အာဏာဖြင့် ဦးစီးဆောင်ရွက်မှုစနစ်၊ အမိန့်ပေးစနစ်ကိုပယ်၍ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်မှု၊ လွတ်လပ်စွာ ယုံကြည်မှုကို အားပေးသောဝါဒဖြစ်၏။
ဤအယူသည်သာမှန်၍ အခြားအယူအားလုံးသည် အချည်းနှီးဖြစ်သည်ဟု မထင်မှတ်သင့် ဟူသော ဗုဒ္ဓဩ၀ါဒကို လက်ခံထားသောသူ၏ လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်လို လေးစားရပေမည်။
ဗုဒ္ဓ၏သံဃာအဖွဲ့အစည်း ယခုကဲ့သို့ နှစ်ပေါင်းနှစ်ထောင်ကျော်ရှည်ကြာရခြင်းမှာဗုဒ္ဓသည် သံဃာကိစ္စများကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် အလေးအနက်ဟော၏။
ဗုဒ္ဓလိုလားသော ညီညွတ်မှုသည် အခုခေတ် လူများ နားလည်သော အများစုညီညွတ်မှုမဟုတ်ပေ။
ရဟန်းဦးရေနည်းပါးသော၊ သံဃာ၏သမိုင်းဦးခေတ်နှင့် ဆီလျော်သော ကျပ်ပြည့်တင်းပြည့် ညီညွတ်မှုမျိုးဖြစ်၍ သံဃာ၏ ဥပုသ်ပြုမှုနှင့် ပတ်သတ်သော ညွှန်ကြားချက်များ၌ အထင်အရှားတွေ့ရ၏။

တသွေး၊ တသံ၊ တမိန့်စနစ်ကို ဆန့်ကျင်၍ လွတ်လပ်စွာ ယုံကြည်မှုကိုအားပေးသော ဗုဒ္ဓသံဃာသည် ဒီမိုကရေစီဝါဒကို ထိန်းသိမ်းစောင့်ရှောက်သောအဖွဲ့ဖြစ်၏။
အာဏာရှင်စနစ်ကြီးစိုးသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖိနှိပ်ခံ နိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်၍
ပုဂ္ဂလိကလွတ်လပ်မှုလွန်ကဲပြီး တဘက်စွန်းရောက်နေ သော နိုင်ငံကြီးများ၌မူ ဗုဒ္ဓ၏ အလယ်လမ်းစဉ်ကို ဖော်ညွှန်းသော အဖွဲ့ဖြစ်၏ ဟု ဦးအေးမောင် ၏ ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ စာအုပ်တွင် ဆိုထားသည်။
ဗုဒ္ဓသံဃာအဖွဲ့၏အခြားထူးခြားသောအကြောင်းတခုမှာ သံဃာအဖွဲ့၌ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးချုပ်ချယ်မည့် အာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိခြင်းဖြစ်၏။
ဗုဒ္ဓနှင့် သံဃာ၏ဆက်ဆံမှုကို ဘုရင်နှင့် တိုင်းသူပြည်သားတို့၏ ဆက်ဆံမှုနှင့်ပုံခိုင်းခြင်းသည် မှား၏။
အဘယ်ကြောင့်ဆိုသော် ဘုရင်သည် နိုင်ငံလူထု၏ ဦးစီးခေါင်းဆောင်ဖြစ်၍ဗုဒ္ဓသည်ကား သံဃာက မိမိအား ဦးစီးခေါင်းဆောင်အဖြစ် စွဲမှတ်ထားခြင်းကို မလိုလားချေ။
အာနန္ဒာ… ငါသာလျှင် သံဃာကို ဦးစီးခေါင်းဆောင်ပြုအံ့၊ သံဃာသည် … ငါသာလျှင်အားကိုးရန်ရှိလတ္တံ ဟူသော စိတ်ဆန္ဒသည် ငါဘုရား၌မရှိ ဟု မဟာပရိနိဗ္ဗာနသုတ် တွင် ဟောကြားထားသည်။

ပုဂ္ဂိုလ်ကိုးကွယ်မှုစနစ် (သို့) အာဏာရှင်စနစ်သည် ဗုဒ္ဓ၏အလိုဆန္ဒနှင့်လုံးဝဆန့်ကျင်သော စနစ်ဖြစ်၏။
သူမိုက်သည် မိမိ၌မရှိသော ဂုဏ်သတင်းကိုလည်းကောင်း၊
ရဟန်းတို့၏ဦးစီးခေါင်းဆောင်အဖြစ်ကိုလည်း ကောင်း၊
ကျောင်း၌အစိုးရခြင်းကိုလည်းကောင်း၊
လူပရိသတ်၏ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏ - ဟုလည်း ဓမ္မပဒ ဂါထာ ၇၃ တွင် ဟောခဲ့ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ဘိက္ခုသံဃာသည် ဗုဒ္ဓအလိုဆန္ဒ နှင့်အညီခေါင်းဆောင်ပုဂ္ဂိုလ်မရှိသော ဘာသာရေးအဖွဲ့ဖြစ်လာ၏။
ဝဿက၀ရပုဏ္ဍားအား အရှင်အာနန္ဒာ၏ မိန့်ကြားရာတွင် ပုဏ္ဍားကြီး ငါဘုရားကွယ်လွန်သောအခါ
ဤရဟန်း သည် သင်တို့၏ ကိုးကွယ်စရာ ဖြစ်လတ္တံဟု ဘုရားရှင် ထားအပ်သော တပါးသော ရဟန်းမျှသည် မရှိ ဟု ဆိုခဲ့သည်။
သို့ဖြစ်၍ ဗုဒ္ဓသံဃာအဖွဲ့၌ သူတပါးအား အမိန့်ပေးနိုင်သောအာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိ၊ သံဃာ့ကိစ္စများကို စီမံဆောင်ရွက်ရန် သံဃာက တာဝန်လွှဲအပ်ထားသောပုဂ္ဂိုလ်များရှိသည်မှန်၏။
သို့ရာတွင် ထိုပုဂ္ဂိုလ် သည် မိမိသဘောဆန္ဒအလျောက် ပြုခြင်းမဟုတ်ဘဲ သံဃာ၏ကိုယ်စားပြုမူဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထူးသတိပြုရ၏။
ထိုရဟန်းသည် တဖန်သံဃာ၏ အမှုတို့၌ စွမ်းနိုင်၏။
သံဃာ၏ကိစ္စတို့၌ ကောင်းစွာခံယူ၏။
ရဟန်းအပေါင်းက စေသည်ရှိသော် လိုက်နာ၏။ ထိုသို့လိုက်နာသဖြင့် ငါပြု၏ ဟူ၍ မထေမဲ့မြင်မပြုရ ဟု မဟာဝဂ္ဂက္ခန္ဓက သုတ်၌ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓသည် စစ်မှန်သော ဓမ္မသဘောကိုသာ လက်ခံကျင့်သုံးသူဖြစ်သည်နှင့်အညီ ဗုဒ္ဓသံဃာအဖွဲ့ကိုလည်း ဓမ္မတရားသဘောအရသာဖွဲ့စည်းထားသည်။
ဥပဇ္ဇျာယ်ဆရာသည် တပည့်ထက် ရဟန်းဝါကြီး၍ တတ်သိလိမ္မာသည်မှန်သော်လည်း
စင်စစ်အမြဲအပြစ်ကင်းသောသူ မဟုတ်ရကား လမ်းမှားနေသော ဆရာအား အမှန်ကိုညွှန်ပြရန်မှာ တပည့်၏ ၀တ္တရားဖြစ်ကြောင်း ၀ိနည်းပိဋ္ဋကတ်၌ ပြဆိုထား၏။
ဆရာသည် မမွေ့မလျော်ခြင်းဖြစ်ကြအံ့၊ တပည့်သည် ဆရာအား အရပ်တပါးသို့ကိုယ်တိုင်ခေါ်ဆောင်သွားရမည်။
သူတပါးကိုသော်လည်းကောင်းခေါ်ဆောင်သွားစေရမည်။
ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။
ဆရာအား တွေးတောမှု သံသယ ကုက္ကုစ္စဖြစ်အံ့၊ တပည့်သည်ပယ်ဖျောက်ရမည်။
ဆရာသည် မှားသောအယူ ယူငြားအံ့၊ တပည့်ကဖြေရှင်းရမည်။ တရားစကားကိုမူလည်း ဟောပြောရမည်ဟု မဟာဝက္က၊ မဟာခန္ဓက သုတ်တွင် ဟောခဲ့သည်။

ဝိနည်းပါဠိတော်များကို ထောက်ချင့်၍ ဗုဒ္ဓသံဃာအဖွဲ့တွင် ဆရာနှင့် တပည့်၏ဆက်ဆံမှုသည်ပင် အထက်နှင့် အောက် ဆက်ဆံမှုမျိုးမဟုတ်ဘဲ
အတူနေမိတ်ဆွေနှစ်ဦး၏တန်းတူရည်တူဆက်ဆံမှုမျိုးဖြစ်ကြောင်း သိအပ်၏။ ဤသို့ အဆင့်အတန်းခွဲခြားမှုမရှိခြင်း၊
မည်သူ့ကိုမျှအာဏာအပ်နှင်းမထားဘဲ အဖွဲ့ဝင်အားလုံး လွတ်လပ်မှုရှိခြင်းသည် ဗုဒ္ဓသံဃာ၏ ထူးခြားသော လက္ခဏာ ဖြစ်သည်။
ဘီစီခြောက်ရာစုခေတ် အိန္ဒိယနိုင်ငံ၏ နိုင်ငံငယ်များ၌ခတ္တိယခေါင်းဆောင်တို့သည် မကြာခဏ စည်းဝေး၍ တိုင်ပင်ဆွေးနွေးခြင်း၊
မဲဆန္ဒဖြင့် ဆုံးဖြတ်ခြင်းစသောဒီမိုကရေစီနည်းများဖြင့် တိုင်းရေးပြည်မှုကိစ္စများကို စီမံဆောင်ရွက်ကြ၏။
မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓက၀ဇ္ဇီမင်းတို့သည် မကြာခဏ အညီအညွတ်စည်းဝေး၍ တိုင်းရေးပြည်မှုကိစ္စများကို ဆောက်ရွက်ကြသည့် နည်းတူ
ရဟန်းတို့သည်မကြာခဏစည်းဝေး၍ သံဃာကိစ္စများကို အညီအညွတ်ဆောင်ရွက်နေကြသမျှကာလပတ်လုံးကြီးပွားတိုးတက်ရန်ရှိကြောင်း မိန့်ကြား
သောစကားကို သတိပြုအလေးထားသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓ၀ါဒနှင့် ဗုဒ္ဓသံဃာအဖွဲ့သည် ဘုရင်များအုပ်စိုးသော ကောသလ၊မဂဓ စသည့် နိုင်ငံကြီးများ၌ လည်းထွန်းကားခဲ့၏။
သို့စဉ်လျက် ဗုဒ္ဓသံဃာ၌ ဘုရင်ကဲ့သို့သော အာဏာပါဝါပိုင်ပုဂ္ဂိုလ်မရှိခြင်းသည်
ဗုဒ္ဓကိုယ်တိုင်က လွတ်လပ်မှုကို နှစ်သက်မြတ်နိုး၍ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို အားပေးလိုပြီး အာဏာစက်ကို မလိုလားကြောင်း မှတ်ယူလိုက်သည်။

ဗုဒ္ဓသံဃာအဖွဲ့သည် တသွေး၊ တသံ၊ တမိန့် စနစ်ကို ဆန့်ကျင်၏။
ဗုဒ္ဓ၀ါဒသည် လူတိုင်း၏လွတ်လပ်စွာ ယုံကြည်တွေးခေါ်မှုကိုလေးစား၏။
မိမိအယူကိုမြှင့်တင်၍အခြားအယူအားနှိမ့်ချခြင်း၊ ဖိနှိပ်ခြင်းကိုတားမြစ်၏။
ရဟန်းသည် အလိုနည်း၍ သားမယားနှင့် ကိုယ်ပိုင်ပစ္စည်းဥစ္စာ သံယောဇဉ်လည်းမရှိရကား
စဉ်းစားတွေးခေါ် ၍ အမှန်တရားကို ရှာကြံရာ၌ များစွာလွတ်လပ်၏။
စင်စစ်ကမ္ဘာ့ဘာသာဝါဒသမိုင်း၌ ဗုဒ္ဓသံဃာသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို အများဆုံး ဦးစားပေးသော ဘာသာရေးအဖွဲ့ဖြစ်ကြောင်းယုံမှားဖွယ်မရှိပေ။

ဗုဒ္ဓအလိုအရ ရဟန်းသံဃာသည် နိုင်ငံအုပ်ချုပ်သော မင်း၊ မှူးမတ်၊၀န်ကြီးတို့နှင့် ဆက်ဆံရာ၌ အထူးဆင်ခြင် ရ၏။
ဗုဒ္ဓသည် မင်း၏ နန်းတော်သို့ ရဟန်းတို့မကြာခဏ သွားလာခြင်း၏အပြစ်ကို ဟောကြားခဲ့၏။
စစ်တပ် များ စစ်ရေးပြခြင်း၊ စစ်ချီတက်ခြင်းကိုကြည့်ရှုသော ရဟန်းသည်ပါစိတ်အာပတ်သင့်၏။ စင်စစ် သံဃာအဖွဲ့ များသည် နိုင်ငံအစိုးရတို့၏ အားပေးကူညီမှုကို မရရှိပါကကြာရှည်တည်တံ့မည်မဟုတ်ချေ။
ရှေးအိန္ဒိယ သက္ကတ ဥပဒေကျမ်းများ၌ သံဃာအဖွဲ့အစည်းတို့၏စည်းမျဉ်းဥပဒေများကို ဘမယဥပဒေဟုခေါ် ၍ ယင်းတို့ကို ဘုရင်များက ကာကွယ်စောင့်ရှောက်ရမည်။ ဖောက်ဖျက်သူများအားအရေးယူမည်ဟုဆို၏။
အုပ်စိုးသူမင်းကောင်းမင်းမြတ်များကသာ သာသနာအကျိုးနှင့်ဗုဒ္ဓသံဃာအဖွဲ့ကြီး စည်ပင်တိုးတက်ပြီးသူတော် ကောင်းတရားများအတွက် ကာကွယ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓသည် အုပ်စိုးသူ အစိုးရ မင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေးသောအားဖြင့် မင်းကောင်းမင်းမြတ်တို့ကျင့်အပ်သော ( ရာဇဓမ္မ ) တရား ၁၀ ပါးကို ဟောကြားခဲ့ပါသည်။

စက္က၀တ္တီသီဟနန္ဒသုတ် တွင် မင်းကောင်းအစိုးရကောင်းတို့မည်သည်မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာသိရှိနားလည်မှုရှိရမည်။
ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့် ပြဌာန်းခြင်းမပြုအပ်။ တရားဥပဒေကို ပြဌာန်းရာ၌အကြောင်းယုတ္တိခိုင်လုံမှုရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည် ဟု မိန့်ဆိုခဲ့၏။
ဗုဒ္ဓသည် ရဟန်းတို့၏ ညီညွတ်မှု၊ လူတို့၏ ညီညွတ်မှုကို လိုလားတော်မူရကား
ဇနီးမောင်နှံနှစ်ဦးအား လည်းကောင်း၊ အုပ်စုအချင်းချင်းကွဲပြားသောအဖွဲ့များကြား ပြန်လည်သင့်မြတ်အောင်ပြုခြင်းသည် စင်စစ် ဗုဒ္ဓဩ၀ါဒ နှင့် အညီ ဖြစ်၏။ ရဟန်းသည် ကွဲပြားသော သူတို့ကို စေ့စပ်တတ်၏။

ညီညွတ်သူတို့ကို အားပေးတတ်၏။
ညီညွတ်မှု၌ မွေ့လျော်လျော်ပိုက်၏။
ညီညွတ်မှုကို ပြုသောစကားကို ဆိုလေ့ရှိ၏ ဟု မဇ္ဈိမနိကာယ်၊ စူဌပတ္တိ ပဒေါမသုတ်တွင် ဟောထားသည်။
ဤတရားတော်အရ မြတ်ဗုဒ္ဓသည် သူ၏သံဃာများအား ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ကြရန်အားပေးကြောင်း သတိမူထိုက် သည်။

ဗုဒ္ဓ၏ ရဟန်းသံဃာများအပေါ် ဟောကြားခဲ့သော တရားကို မဟာပရိနိဗ္ဗာနသုတ်တွင် အထင်အရှားတွေ့ရ သည်။
ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။
အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။
အကြင်မျှလောက် ကာလပတ်လုံး သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊
အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။
ထိုမျှလောက်ကာလပတ်လုံး အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။ ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ ဟု ဟောခဲ့ပါသည်။

ဗုဒ္ဓက ယခုအခါတွင် သင်တို့သည် မိမိကြိုက်ကိုသာလျှင် မိမိ၏မှီခိုအားထားရာ ပြုပြင်လုပ်ကြလော့။
ဤ သံသရာပင်လယ်၌ မိမိကိုယ်ကိုသာလျှင် ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို မိမိ၏ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို ကိုးစားကြလော့ ဟု လည်း မိန့်ကြားခဲ့သည်။
ဗုဒ္ဓကွယ်လွန်ချုပ်ငြိမ်းပြီးသည့်နောက် ငါတို့၏ ဆရာမရှိတော့ပြီ ဟု သင်တို့ တွေးထင်ကောင်း တွေးထင်ကြ ပေလိမ့်မည်။
စင်စစ်သော်ကား ငါပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းသွားပြီးနောက် ငါညွှန်ပြထားခဲ့သည့် တရားဓမ္မနှင့် ၀ိနည်းအဆုံးအမများသည် သင်တို့၏ ဆရာပင်ဖြစ်ပေလိမ့်မည် ဟုလည်း တရားဓမ္မနှင့် ၀ိနည်းကို စောင့်ထိန်းအားကိုးကြဟု မိန့်ဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟုမြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏။
စင်စစ် ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ပုထိုး ပေါမြားခြင်း၊ပိဋ္ဋကတ်စာပေကို အာဂုံဆောင်သောသူများရှိခြင်းသည် သာသနာထွန်းကားသော အစစ်အမှန်လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲသည်။
ဗုဒ္ဓဩ၀ါဒ ကို အမြဲ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာ ဗုဒ္ဓသာသနာထွန်းကားသည်ဟုဆိုနိုင်ကြောင်း မှတ်သားထားသင့်ပေသည်ဟု ဦးအေးမောင် က သူ၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်တွင် သတိပေးထားသည်။

ယခုအခါ စစ်အာဏာရှင် မိစ္ဆာဝါဒီများကြီးစိုးချုပ်ကိုင်နေသောမြန်မာနိုင်ငံတွင် ဗုဒ္ဓ၏ သာသနာနှင့် ရဟန်း၊သံဃာ အပါအ၀င် စစ်မှန်သော ဓမ္မတရားအားလုံးတို့သည်
စစ်အာဏာစက်အောက်တွင်ညှိုးမှိန်ပြီး ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံနေရသည်။
ထို့ကြောင့် သာသနာကို ရိုသေလေးစားယုံကြည်အားကိုးသော ရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓ၏ မွန်မြတ်သောသာသနာအတွက် အဓမ္မတရားတွေ ကို အသက်ပေးကာ ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။

Saturday, 26 September 2009 18:29 အာကာမိုး

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

Links to this post:

Create a Link

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP