သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Sunday, September 13, 2009

ဗုဒ္ဓတရားတော်နဲ့ နိုင်ငံရေး

ဘာသာရေးက လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ချဉ်းကပ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ကိစ္စတွေကို ဆောင် ကြဉ်းနေတဲ့ လူတဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ယေဘုယျမူတွေကို အကြံပြုပြီး ဒီမူတွေအရ လူသားတရပ်လုံးရဲ့ ဘ၀သာယာတိုးတက်ကောင်းမွန်ရေး၊ အရင်းအမြစ်တွေကို အညီအမျှ အကျိုးတူခံစား ရ ရေးအတွက် ဖြစ်ပေါ်လာစေဖို့ပဲဖြစ်တယ်။

ဘာသာရေးကို လောကီရေး၊ နိုင်ငံရေးနဲ့ရောထွေးအောင် အားထုတ်ခြင်းဟာ ပြဿနာကိုဖန်တီးခြင်းပဲဖြစ် တယ်။ ဘာသာရေးရဲ့အခြေခံက ကိုယ်ကျင့်သီလပဲဖြစ်တယ်။ သန့်စင် ခြင်း၊ ၀ိသုဒ္ဓိနဲ့ ယုံကြည်ခြင်း သဒ္ဓါ တရားပဲဖြစ်တယ်။ နိုင်ငံရေးဆိုတာက အာဏာမှာ အခြေခံတယ်။ လူ့သမိုင်းတလျှောက်မှာ အာဏာရအုပ်စိုး သူများဟာ မိမိရဲ့အာဏာ အုပ်စိုးခြင်းကို တရားဝင်ကြောင်း၊ ဘုရားအလိုတော်ကျဖြစ်လာတာဖြစ်ကြောင်း၊ လူတွေယုံကြည်အောင်လုပ်ဖို့ ဘာသာရေးကို ဆွဲသုံးတာတွေ ရှိခဲ့ပါတယ်။

ဘာသာရေးကို မိမိတို့နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြတယ်။ ဒါကြောင့် ဘာသာတရားရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံ တွေဟာ နိုင်ငံရေးလောဘတွေကြောင့် ယုတ်ညံ့မှုတွေ ဖြစ်ကုန်ကြတာပဲဟု အရှင် ဒေါက်တာသီရိဓမ္မနန္ဒက What Buddhists Believe စာအုပ်တွင် ရေးသားထားပါတယ်။

တကယ်တော့ ဘာသာရေးကို နိုင်ငံရေးနဲ့ ခွဲခြားထားရမယ် ဆိုတဲ့အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး စနစ် ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနဲ့ပတ်သက်လို့ မြတ်ဗုဒ္ဓရဲ့သင်ကြား ချက် တွေထဲမှာ အချက်အလက်မြောက်မြားစွာရှိပါတယ်။ ဗုဒ္ဓရဲ့ ဒေသနာတော်ထဲမှာ ဒီနေ့ကမ္ဘာကြီးထဲက လူသားတွေအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေနိုင်တာတွေ၊ နိုင်ငံရေးအစီအမံတွေအတွက် အသုံးတဲ့ တာ တွေအများကြီး ပါရှိပါတယ်။


အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းမှာပါတဲ့ သောမတ်စ် ဂျက်ဖာဆင်ရဲ့“လူတိုင်းကိုတူညီမျှတစွာ ဖန် ဆင်း ထားတာဖြစ်တယ်”( All men are created equal )ဆိုတဲ့စကားမျိုးကို မြတ်ဗုဒ္ဓက ရှေးနှစ်ပေါင်း၂၅၀၀ ကျော်ကတည်းက မိန့်ကြားခဲ့တာပါ။ ပြီးတော့ ဇတ်တို့၊ လူတန်းစားတို့ ဆိုတာ လူ့အဖွဲ့အစည်းကြီးထဲမှာ လူ တွေက တမင်ဖန်တီးခဲ့ကြတာတွေသာဖြစ်တယ်။ မြတ်ဗုဒ္ဓက လူတွေကို ခွဲခြားသက်မှတ်ရာမှာ သူတို့ရဲ့ အကျင့်သီလအပေါ်မူ တည်ပြီးမှ အယုတ်၊ အလတ်၊ အမြတ် ခွဲခြားပုံကို ဟောတော်မူခဲ့တာပါ။

လူသားတွေအချင်းချင်း လူ့ဘောင်အကျိုးကိုဆောင်ရွက်ရာမှာ စိတ်ပါလက်ပါ အတူတကွ ရိုင်းပင်းကူညီ လုပ်ဆောင်ကြဖို့ကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဆရာဦးရွှေအောင်ရဲ့“ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်” စာအုပ်မှာ “နိုင်ငံဖြစ်စေ၊ လူမျိုးကိုဖြစ်စေ ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာ အရေးကြီး၏။ ကျမ်းဂန်များ၌ စည်းလုံးမှုကို ၂ မျိုးပြ၏။ စည်းလုံးမှုတမျိုးကို သမ၀ါယသမ္မန္ဓ ဟု ခေါ်၏။ အခြားစည်းလုံးမှုတမျိုးကို သံယောဂသမ္မန္ဓ ဟုခေါ်၏။ သမ၀ါယသမ္မန္ဓ အရ စည်းလုံးသောအခါ နိုင်ငံသား အားလုံးတို့သည် သူတလူ၊ ငါတမင်း သဘောမျိုးမရှိ၊ အားလုံးတသားတည်းဖြစ်ကြ၏။ တသွေး တသံ တမိန့် တည်းဖြစ်၏။ သံယောဂသမ္မန္ဓအရ စည်းလုံးသောအခါ နိုင်ငံသားအားလုံးတို့သည် တစ်သွေးတစ်သံတစ်မိန့် တည်းမဖြစ်၊ သူတလူ၊ ငါတမင်းဖြစ်ကြ၏။ တသားတည်းဖြစ်သော စည်းလုံးမှုကို ဖြစ်ပေါ်အောင် အားထုတ်ရာ တွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်းတူမှုသည် အရေးကြီးသည်။

မြတ်စွာဘုရားသည် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်း တူမှုအပေါ် အခြေ ခံ၍ စည်းရုံးခြင်းဖြစ်၏။ ထို့ကြောင့် သံဃာ့အဖွဲ့အစည်း၏ စည်းလုံးမှုသည် ကျစ်လျစ်၏၊ သိပ်သည်း၏၊ တစ်သွေး တစ်သံ တစ်မိန့်တည်းဖြစ်၏။ သံဃာ့အဖွဲ့အစည်းတွင် ဇတ် အသီးသီးပါဝင်၏။ သို့ရာတွင် သံဃာ့ အဖွဲ့အစည်း၌ ဇတ် သည် မထင်ပေါ်တော့၊ သံဃာ့အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ်သာ ထင်ပေါ်၏။”လို့ ရေးသား ထားပါတယ်။

ဒါကြောင့်သာ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ ဒီနေ့ထိအောင် ထင်ရှားတည်ရှိနိုင်ခြင်းဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရားကို ဆက်ခံသူ မည်သူ့ကိုမှ ကြိုတင်ခန့်ထားခြင်းမရှိပါ။ သံဃာ့အဖွဲ့အစည်းကို ဓမ္မ၀ိနယ ကသာ လမ်းညွှန်တော် မူရမှာဖြစ်ပါတယ်။ ယနေ့ထက်တိုင်အောင် သံဃာတော်များကို ဗုဒ္ဓရဲ့ ၀ိနည်းဥပဒေ များကသာ ချုပ်ကိုင်လမ်းညွှန်ပါတယ်။ မည်သည့် အာဏာကမှ ဖြိုခွင်း ဖျက်ဆီး ခြိမ်းခြောက်နိုင်စွမ်းမရှိပါ။

မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း၊ တိုင်ပင်၊ စည်းဝေး၊ ဆုံးဖြတ်၊ လုပ်ကိုင်တာကိုအားပေးပါတယ်။ ဒီအချက်ကို သံဃာတော်များရဲ့အဖွဲ့အစည်းမှာ ပိုပြီးထင်ရှားပါတယ်။ သံဃာ့အဖွဲ့အစည်းထဲမှာ သံဃာနဲ့ ဆိုင်တဲ့ကိစ္စကို သံဃာတော်တိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကြီးကျယ်တဲ့ ပြဿနာပေါ်ပေါက် လာတဲ့အခါကျမှ ပြဿနာ အတိမ်အနက်ကို သံဃာတော်များရှေ့မှောက်တင်ပြပြီး ဒီမိုကရေစီပါလီမန် လွှတ်တော်ရှေ့ ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင်ကြရပါတယ်။

ဗုဒ္ဓဘာသာက နိုင်ငံရေးအာဏာကိုချဉ်းကပ်ရာမှာ ကိုယ်ကျင့်တရား(မင်းကျင့်တရား)နဲ့ ပြည်သူ့အာဏာကို သုံးစွဲရာမှာ တာဝန်ယူမှုအပေါ် အခြေခံပါတယ်။ ဗုဒ္ဓရှင်တော်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား ဆုံးမတော်မူပါတယ်။ ငြိမ်းချမ်းရေးကိုသာ တလောကလုံးနဲ့ဆိုင်တဲ့တရားအဖြစ်သတ်မှတ်ပါတယ်။ လူ့ အသက် ကို ဖျက်ဆီးခြင်းအကြမ်းဖက်မှုကို မြတ်ဗုဒ္ဓခွင့်ပြုတော်မမူပါ။

တရားတဲ့စစ်ဆိုတာဘယ်တော့မှမရှိဘူးလို့လဲ ပြတ်ပြတ်သားသားကြေညာတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ သင်ကြားချက်က “အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊ ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချမ်းခြင်းကို ရနိုင်သည်”ဟု ဓမ္မပဒ မှာ ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ငြိမ်းချမ်းရေးတရားကိုသာ ဟောတော်မူတာမဟုတ်ပါ။စစ်ပွဲဖြစ်ရာနေရာကို ကိုယ်တိုင်ကြွရောက်ပြီး စစ်မဖြစ်ကြဖို့ တားဆီးတော်မူခဲ့တယ်။ ဘာသာရေးခေါင်းဆောင်းဆိုလို့ လူ့သမိုင်း မှာဖြင့် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်။

သကျသာကီဝင်များနှင့် ကောလိယတွေ၊ ရောဟီနီမြစ်က ရေခွဲဝေရေးကိစ္စမှာ မြတ်ဗုဒ္ဓဟာစစ်တလင်းကို ကိုယ်တိုင်ကြွသွားပြီး တရားဓမ္မကို ဟောကြားခဲ့ပါတယ်။ ပြီးတော့ အဇာတသတ်မင်းက ၀ဇ္ဇီတိုင်းကို စစ်မတိုက်ဖြစ်အောင် ဗုဒ္ဓရှင်တော်မြတ်က ဆွဲဆောင်တော်မူနိုင်ခဲ့ပါတယ်။

လောကအကျိုးကိုလိုလားတဲ့ မြတ်ဗုဒ္ဓဟာ အစိုးရကောင်း၊ အုပ်စိုးသူကောင်း ဖြစ်ဖို့အတွက် ကြိုတင်ရှိအပ်တဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ဟောကြားတော်မူခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ အဂတိလိုက်စားမှုတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ဟောကြားရာမှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူ နိုင်ငံအကြီးအကဲက အကျင့်ပျက်ပြီး အဂတိလိုက်စားပြီး မတရားပြုကျင့်ရင် တိုင်းသူပြည် သားများလည်း အကျင့်ပျက်ပြီး အဂတိလိုက်စားတတ်ပုံကို ဟောကြားတော်မူပါတယ်။ အုပ်စိုးသူမင်းက အစ မင်းစေပါမကျန် အဂတိလိုက်စားကြပြီဆိုရင် တိုင်းသူပြည်သား လူအများစိတ်ဆင်းရဲရပုံ၊တိုင်းပြည်ဆုတ်ယုတ်
ပျက်စီးရပုံများကို ထုတ်ဖော်ဟောကြားတော်မူပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူအစိုးရဟာ လူသား ချင်း စာနာထောက်ထား၊ သနား၊ ငဲ့ညှာသော မူဝါဒနဲ့ အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါတယ်။

စက္က၀တ္တှီသီဟနန္ဒသုတ်မှာ မြတ်ဗုဒ္ဓက အကျင့်ပျက်မှု၊ ရာဇ၀တ်များဖြစ်ကြတဲ့ ခိုးမှု၊ လိမ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ မုန်းတီးမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဖြစ်လာကြောင်းကို ဟောတော်မူတယ်။ မင်းနဲ့ အစိုးရတွေအနေနဲ့ ရာဇ၀တ်မှုတွေကို အပြစ်ဒဏ်ပေးခြင်းဖြင့် နှိမ်နှင်းကြရတယ်။ ဒါပေမယ့် ရာဇ၀တ်မှုပပျောက်အောင် အင်အားပါဝါကိုသုံးပြီး လုပ်ထားတာကတော့ အကျိုးမဲ့အချည်းနှီးပဲဖြစ် ကြောင်းကို ဟောထားပါတယ်။

ကုတဒန္တသုတ်မှာလည်း ဗုဒ္ဓရှင်တော်ဘုရားက အင်အားသုံးပြီး ရာဇ၀တ်မှုကို နှိမ်နှင်းမယ့်အစား စီးပွားရေး အဆင်ပြေအောင်လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြုဟောကြားတော်မူခဲ့တယ်။ အစိုးရဟာ တိုင်းပြည်နဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး တိုင်းသူပြည်သားတွေ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးရမယ်။ ဒီနည်းနဲ့ လူ့ဂုဏ်သိက္ခာမကျဆင်းရအောင် စောင့်ရှောက်ပေးရမယ်လို့ ဟောထားပါတယ်။

ဇာတကနိပါတ်တော်ထဲမှာ မင်းကျင့်တရား ဆယ်ပါးကို အစိုးရတို့လိုက်နာအပ်ကြောင်း ဟောတော်မူထားပါ တယ်။ မင်းကျင့်တရားဆယ်ပါးအား ခုခေတ်ကာလမှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုတဲ့ အစိုးရမင်းများအသုံးချ လိုက်နာကျင့်သုံးထိုက်တယ်။ ဒီမင်းကျင့်တရား(ရာဇဓမ္မ) ဆယ်ပါးကတော့-

၁။ ရက်ရောမှု၊ လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း
၂။ တိုင်းသူပြည်သားများရဲ့ ဘ၀သက်သာချောင်ချိရေးအတွက် မိမိရဲ့ ကိုယ်ကျိုးအတ္တကို စွန့်လွှတ် အနစ်နာ ခံခြင်း
၃။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း
၎။ ရိုးသား၊ ဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း
၅။ ကြင်နာ၊ သနားတတ်ခြင်း
၆။ တိုင်းသူပြည်သားများ လေးစား၊ အားကျလောက်အောင် မိမိတို့ရဲ့ဘ၀ အနေအထိုင်
ရိုးသားခြင်း
၇။ အမျက်ဒေါသ ကင်းစင်ခြင်း
၈။ အကြမ်းမဖက်ခြင်း
၉။ သည်းခံတတ်ခြင်း
၁၀။ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုကို
မြှင့်တင်ခြင်းတို့ဖြစ်ပါတယ်။

အခုခေတ် မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့ရဲ့ လက်မရွံ့နောက်ပါ ၀န်ကြီးများရဲ့ အဓမ္မနည်းတွေနဲ့ တိုင်းသူပြည်သားတွေအပေါ် ကျင့်ကြံပြုမူပုံနဲ့ နှိုင်းယှဉ်ဆင်ခြင်သင့်ပေတယ်။

မင်းတို့ကျင့်အပ်တဲ့ တရားနဲ့ဆက်လျဉ်းပြီး မြတ်ဗုဒ္ဓက စက္က၀တ္ထီသီဟနန္ဒသုတ်မှာ ဟောတော်မူထားတာက -

၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စား
ခြင်း၊ တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း
စိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။

အထက်ဖော်ပြပါ အုပ်စိုးသူ၊ မင်းကောင်း၊ အစိုးရကောင်းများရဲ့ သဘောလက္ခဏာများနဲ့ ဗုဒ္ဓလမ်းညွှန် ချက်နဲ့ တက်တက်ဆင် ကွဲလွဲနေတဲ့ မြန်မာစစ်အာဏာရှင်တို့ရဲ့အဓမ္မလုပ်ရပ်များ၊ အာဏာပါဝါကို အလွဲသုံးစားလုပ်မှုတွေကို သတိထားဆင်ခြင်အပ်ပါတယ်။

မိလိန္ဒပဥှာမှာလည်း“မင်းကြီး ဥပမာသော်ကား ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊ ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊ ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။ ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ထို့အပြင် မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”ဟု ဟောတော်မူခဲ့ပါတယ်။

မဇ္ဈနိမနိကာယ်မှာ အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်ကြောင်းကို ဖော်ပြထားပါ တယ်။

ကောက်ကျစ်စဉ်းလဲတဲ့မင်းဟာ မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း၊ မတရားသဖြင့် အခွန်အတုပ်ကောက်ခံ ခြင်း၊ အဓမ္မနည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အဂတိအမျိုးမျိုးလိုက်စား ခြင်းတို့ကြောင့် ပြည်သူများက အဲဒီမင်း ကို တနည်းမဟုတ်၊ တနည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ကောင်းမြတ်တဲ့ မင်းတို့အတွက် လမ်းညွှန်ချက်ကို ကျင့်သုံးခဲ့တဲ့ ဧကရာဇ်ဘုရင်ကြီး အာသောကမင်းဟာ BC ၃၀၀ လောက် က စပြီး ဂုဏ်သတင်းကျော်ဇောပြီး လူ့သမိုင်းမှာ ထွန်းပခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဟာ အလွန်မြင့်မြတ်တဲ့ လူမှုပြုပြင်ပြောင်းလဲရေးသမားကြီးလဲ ဖြစ်ပါတယ်။ အိန္ဒိယပြည်မှာ အရိုးစွဲနေတဲ့ ဇတ်စနစ်ကို ဗုဒ္ဓက ရှုတ်ချပြီး လူအချင်းချင်းတန်းတူ အခွင့်အရေးကို အရေးထားခဲ့ပါတယ်။ ဆင်းရဲ၊ ချမ်းသာ အလွန်အမင်းမကွာခြားရေးနဲ့ အမျိုးသမီးများရဲ့ လူမှုဘ၀အဆင့်အတန်းမြင့်မားရေးကိုလဲ အားပေးခဲ့ပါတယ်။

လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရာမှာ လောဘတဏှာဦးစီးပြီးမလုပ်ကြဖို့၊ မေတ္တာဂရုဏာနဲ့ စာနာထောက်ထား စိတ်နဲ့ သာ အုပ်ချုပ်နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းဆုံးမတော်မူပါတယ်။ မြတ်ဗုဒ္ဓက ပြုပြင်ပြောင်းလဲရေး ကို အပြင်ပန်း ဗဟိန္ဓအားဖြင့် လုပ်တာဟာ ရေတိုပဲရမယ်၊ တကယ်တမ်းပြုပြင်ပြောင်းလဲရေးလုပ်ချင်ရင် စိတ်ပြောင်းတော်လှန်ရေးလုပ်မှရမယ်ဆို တာကို ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။

အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။ တကယ်တမ်းပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။ လူသားတိုင်းမိမိကိုယ်တိုင် အမှန်တရားချစ်မြတ်နိုး မှု၊ လူအချင်းချင်းတရားမျှတစေလိုမှု စတဲ့ တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည်ရှင်သန် နေကြမှာပဲ ဖြစ်တယ်လို့ မိန့်ခဲ့ပါတယ်။

ဘစစ်အာဏာရှင် မိစ္ဆာဝါဒီသမားတွေရဲ့ လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့ မွန်မြတ် မှန်ကန် တဲ့ သြ၀ါဒ အမြုတေကို ယုံကြည်အားကိုးပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ အဓမ္မတရားများကို ဖယ်ရှား ရေးတို့အတွက် တမျိုးသားလုံး အသက်ပေး ဆောင်ရွက်ရမှာဖြစ်တယ်။

Saturday, 12 September 2009 17:56 အာကာမိုး http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1799:2009-09-12-10-57-52&catid=2:articles&Itemid=30 မှ...

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

Links to this post:

Create a Link

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP