သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Tuesday, September 15, 2009

“မနှေးပင် ဝတ်မည် ပင်နီ …..”

အင်္ဂါနေ့၊ စက်တင်ဘာလ 15 ရက် 2009 ခုနှစ် (ရွှေအိမ်စည်)

(၁)
ဝတ်စားဆင်ယဉ် ထုံးဖွဲ့မှုအားကြည့်၍ ‘ယဉ်ကျေးမှု’ အား အကဲဖြတ်၍ရသည်။ ယဉ်ကျေးမှုဟူသည်ကား …. အမျိုးသားယဉ်ကျေးမှုအား ဆိုလိုခြင်း ဖြစ်သည်။ လူမျိုးတိုင်း …….. နိုင်ငံတိုင်း၌ ယဉ်ကျေးမှုရှိ၏။ အမျိုးသားယဉ်ကျေးမှု….။ အမျိုးသားယဉ်ကျေးမှုဟု ဆိုရာ၌ စာပေ၊ ဂီတ အနုပညာနှင့် ဆင်ယဉ်ထုံးဖွဲ့မှုတို့ ပါ၏။ ‘အမျိုးသားယဉ်ကျေးမှု’ ဟုဆိုလျှင် တဆက်တည်း အမျိုးသားရေး…. ‘မျိုးချစ်စိတ်’ ဟူသည်တို့က ပါလာ၏။

ချုပ်ရပါမူ …. လူမျိုးတမျိုး….တိုင်းပြည်တပြည်၏ ခေတ်ပြိုင်ယဉ်ကျေးမှု၊ အသွေးအရောင်၊ အတိမ်းအညွှတ်….၊ အလှည့်အပြောင်း….၊ အယိမ်းအနွဲ့….၊ အလှုပ်အယမ်း….က ‘မျိုးချစ်စိတ်’ အခြေခံပေါ်၌တည်၍ ဖြစ်ပေါ်ပြောင်းလဲနေတတ်သည်။ ဤအတွက် ခေတ်ပြိုင် ‘ယဉ်ကျေးမှု’ အား အကဲဖြတ်မှု ရှုမြင်နိုင်ပါက …. ထိုခေတ်၏ ခေတ်ပြိုင် ‘မျိုးချစ်စိတ်’ အား အကဲဖမ်း၍ရမည်။ သမိုင်းစဉ်အတွင်း…. မျိုးချစ်စိတ် နိုးကြားထက်မြက်ခဲ့သည့် ကာလများ ရှိခဲ့သကဲ့သို့….။ ‘မျိုးချစ်စိတ်’ ချွတ်ခြုံကျနေသည့် ‘အမှောင်ခေတ်များ’ လည်း ရှိ၏။ ‘မျိုးချစ်စိတ်’ က တသက်မတ်တည်း မျဉ်းဖြောင့်ကဲ့သို့ မသွား….။ အတတ်….အကျ ရှိတတ်၏။

(၂)
၁၉၃ဝ ဝန်းကျင်ကာလများက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမျိုးသားရေးစိတ် ….. မျိုးချစ်စိတ် ချွတ်ခြုံကျနေသော ‘အမှောင်ခေတ်’ ဟု ဆိုရမည်။ ဤသည်ကား ထိုခေတ်၏ ခေတ်ပြိုင်ယဉ်ကျေးမှုတွင် တွေ့ရ၏။ ထိုခေတ်၏ ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုတွင် မြင်ရ၏။ ထိုခေတ် ….အမျိုးသမီးများ၏ ဆံထုံး ထုံးဖွဲ့မှုက …. ဘီးဆံပတ်လည်းမဟုတ်….. ။ လေယာဉ်ပျံဆံထုံးမှာလည်း ရိုး၍ နောက်စည်းထားခြင်းကိုလည်း ကြိုက်ဟန်မတူ….။ အလေးမဆံထုံး၊ ဇီးကွက်ဆံထုံးဟုခေါ်သည့် ‘လပွတ္တာ’ ဆံထုံးကိုမှ လှသည်၊ ယဉ်သည်၊ ခေတ်မီသည်ထင်၍ အဆန်းထွင်ထုံးကြ၏။

အင်္ကျီက ပါးပေ့ဟူသည့် ပါရှန်၊ ရှံသားကို ဝတ်ကြ၏။ ပါရှန် ရှံသားက တိုးလျှိုပေါက် မြင်ရသည့် ပိတ်သား…..။ အတွင်းခံက ဇာပတ်လည်အနားကွပ်နှင့် ရင်သားနေရာကိုမူ လက်လေးသစ်ခန့် ပိတ်ပိုင်းစငယ်လေးနှင့် ကာကွယ်ထား၏။ ကားကားစွင့်စွင့်၊ ဖွံ့ဖွံ့ထွားထွား ရင်သားများက လက်လေးသစ် အကာအကွယ်နှင့် မလုံခြုံ….။ ပါးလွှားသော ပါရှန်ရှံသား အင်္ကျီအောက်၌ အထင်းသား…..။

ဤသည်က …. ထိုခေတ် ဆင်ယဉ်ထုံးဖွဲ့မှု၏ ယဉ်ကျေးမှုမျက်နှာစာ…..။

(၃)
ကိုဘသောင်း၊ ကိုလှဘော်၊ ကိုသိန်းမောင်၊ ကိုအုန်းခင် …. စသည့်လူငယ်များက ဒို့ဗမာအစည်းအရုံးအား ထူထောင်၏။ ၁၉၃၀ မေလ ၃၀ ရက်နေ့တွင် ဒို့ဗမာအစည်းအရုံးမှ ကြေညာစာတမ်းတစောင်အား ထုတ်၏။ အမှတ် ၃၃ ၊ ရေတာရှည်လမ်း၊ ဗဟန်း …. လိပ်မူနှင့် ဖြစ်သည်။

ကြွေးကြော်သံက ……

“ဗမာပြည်သည် ဒို့ပြည်

ဗမာစာသည် ဒို့စာ

ဗမာစကားသည် ဒို့စကား

ဗမာပြည်ကို ချစ်ပါ

ဗမာစာကို ချီးမြှင့်ပါ

ဗမာစကားကို လေးစားပါ” ဟူ၍ ဖြစ်သည်။

ဒို့ဗမာအစည်းအရုံးက ဆိုးဝါးနေသော အမှောင်ယဉ်ကျေးမှု မျက်နှာစာ၏ အမျိုးသားရေး အရင်းခံအား စစ်မျက်နှာ စဖွင့်၍တိုက်၏။ နောက်ပိုင်း….. ရဟန်းပျိုများကလည်း ကတ်ကြေးတကိုင်ကိုင်နှင့် အင်္ကျီပါးတို့အား တွေ့ရာနေရာ၌ ကတ်ကြေးနှင့် ကိုက်ကြ၏။ ဂီတအနုပညာသည်တို့မှလည်း သီချင်းများစပ်ဆို၍ ယဉ်ကျေးမှုပျက်အား စစ်ဆင်ရာတွင် အားဖြည့်၏။

“အင်္ကျီပါးကို ပယ်မည်

မနှေးပင် ဝတ်မည်ပင်နီ….”

ဤသို့နှင့် ပင်ဖြူ၊ ပင်နီ ရင်ဖုံးများ ဝတ်ဆင်ပြီး လွတ်လပ်ရေးခရီးအား ချီတက်နိုင်ခဲ့ကြ၏။

(၄)
ချုပ်ပါမည်….။

စစ်အာဏာအုပ်စိုးမှု အနှစ် ၂၀ ၏ အမျိုးသားရေး မျက်နှာစာကား …..မည်သို့ရှိလေသနည်း။ အတက်လား…..၊ အကျလား ….. စုန်းစုန်းမြုပ်နေသည်လား…..။ ပြိုးပြိုးပြက်ပြက်နှင့် လင်းလက်နေသည့် ရွှေခေတ်လား….။ ဒါမှမဟုတ် …. မဲမှောင်နေသော အမှောင်လွှမ်းသည့် ခေတ်လေလား….။

ဤတွင် …. ယနေ့ခေတ်ပြိုင်ယဉ်ကျေးမှုအပေါ် စောကြောကြည့်မိ၏။ ဤအတွက် ယနေ့ခေတ်ပြိုင် ဆင်ယဉ်ထုံးဖွဲ့မှုအား စ၍ကြည့်မည်။ ယနေ့ ခေတ်ပြိုင်ဝတ်စားဆင်ယဉ်မှုက အဘယ်သို့နည်း။ ခေတ်ပြိုင်ယဉ်ကျေးမှုမှသည် ….. အမျိုးသားရေးအား ကြည့်လျှင် တွေ့ရ၏။

mizzimaburmese မှ....


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP