သိစွမ်းဆိုင်ရာ ကျေနပ်မှုသည် အမြင့် မားဆုံး ကျေနပ်မှုဖြစ်သည်. . .

Wednesday, August 25, 2010

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ


အသက် လေးဆယ်ရဲ့ ဒီဖက်ကို ကျော်လာတော့ ဟိုးဖက်မှာ ကျန်ခဲ့တဲ့ ဘ၀ရဲ့
အစိတ်အပိုင်းတွေကို ပြန်ပြောင်းပြီး တွေးမိတယ်။
တချို့ဖြစ်ရပ်တွေက မှုန်ဝါးဝါးနဲ့ ကျန်ခဲ့ပေမယ့် တချို့ဖြစ်ရပ်တွေကိုတော့ မှတ်မှတ်ထင်ထင် သတိရမိတယ်။
အဲဒီအထဲက တချို့ဆိုရင် ကမောက်ကမ တလွဲတချော်တွေ ဖြစ်လွန်းလို့ ကို အမှတ်ရမိတာ ဖြစ်တယ်။

ကိုယ့်ရဲ့ အလုပ်ကံက တမျိုး။ အလုပ်တခုခုမှာ စွဲစွဲမြဲမြဲ ကြာကြာ နေရတဲ့ ဇာတာမပါဘူး၊
အကြောင်းတခုမဟုတ် တခုကြောင့် ပြောင်းပြောင်း နေခဲ့ရတယ်။
အာရ်အိုင်တီ (RIT) မှာ ဆရာမလုပ်နေတုန်း တပည့်တွေနဲ့ အတူ ဘီယာချက်စက်ရုံကို လေ့လာရေး ထွက်ခဲ့တယ်။
စက်ရုံထဲ ရောက်တော့ အတော့်ကို အံ့သြမိသည်ပါ့။
စက်ရုံသာ ဆိုတယ်၊ သန့်ရှင်းတောက်ပြောင်လို့၊ ဓာတ်ခွဲခန်း ဆိုရင်လည်း မှန်အပြည့်ကာလို့၊ မှန်အပြင်ကနေ အထဲမှာ အလုပ်လုပ်နေပုံကို ကြည့်ရင်းအားကျမိတယ်။

ဒီအထဲမှာ ဓာတ်ခွဲခန်းမှာ လုပ်တဲ့ အရာရှိ တယောက်က ကိုယ်တို့နဲ့ မေဂျာအတူ စီနီယာ အမကြီး ဖြစ်နေတယ်။
စကား စပ်မိတော့ သူ့ဌာနမှာ အလုပ်လိုနေသတဲ့။
ဒါနဲ့ ကိုယ်လည်း စမ်းတဲ့ အနေနဲ့ လျှောက်လွှာတင်ခဲ့တာ အလုပ်ရသွားပါလေရော။
အလုပ်သစ်မှာ ကိုယ့်အတွက် လေ့လာမှတ်သားစရာ အတုယူစရာတွေ အများကြီပေါ့။

ကိုယ့်ဌာနမှာတင် မဟုတ်ဘဲ ဌာနနဲ့ဆက်စပ်နေတဲ့ ကုန်ထုတ်ဌာနတို့၊ ထုပ်ပိုးဌာနတို့မှာလည်း ဗဟုသုတ ရှိဖို့ဆိုပြီး လေ့လာရေး
အနေနဲ့တလစီ လေ့လာပြီး အလုပ်သင်ခဲ့ရတယ်။
ဒါ့အပြင် ကိုယ့်လက်အောက်က ၀န်ထမ်းတွေကို အုပ်ချုပ်နိုင်ဖို့ သူတို့လုပ်တာတွေ သိဖို့လိုတယ် ဆိုပြီး ဓာတ်ခွဲ အတတ် ပညာတွေကို တက်ခနီရှင် တယောက်လို သင်လည်း သင်၊ လုပ်လည်း လုပ်၊ ဒီကြားထဲ ပြည်ပကနေ လာပြီးပေးတဲ့ မွန်းမံ သင်တန်းတွေ တက်နဲ့ ၆ လ လုံးလုံး လုံးလည် ချာလည်နဲ့ပေါ့။
ဒီလိုနဲ့ သင်တန်းတွေ အပြီး နေ့စဉ်အလုပ်တွေနဲ့ ကိုယ်လည်း တဖြေးဖြေး နေသားတကျ ဖြစ်လာတယ်။

အဲ … တနေ့မှာပေါ့။ Training Department ကနေ အရာရှိငယ် ၅ ယောက်ကို ရွေးချယ်တဲ့အထဲ ကိုယ်လည်း ပါသွားတယ်။ ဦးတည်ချက်က အလုပ်ရုံ ဆွေးနွေးပွဲ လေးတခုမှာ တင်ပြဆွေးနွေး သူတွေအနေနဲ့ ပါဝင်ပေးဖို့တဲ့။
အဓိက အကြောင်းအရာ ကတော့ အလုပ်လုပ်ကြတဲ့အခါ တက်တက်ကြွကြွ အားသွန်ခွန်စိုက် လုပ်နိုင်ဖို့ အထောက်အကူ ဖြစ်နိုင်မယ့် ဆွေးနွေး အကြံပေးချက်တွေ လိုချင်လို့တဲ့။ ရည်ရွယ်ချက်က သိပ်ကောင်းသကိုး။
ဒီတော့ ကိုယ်လည်း တက်တက်ကြွကြွ ဆွေးနွေးဖို့ ပြင်ဆင် ရတော့တာပါပဲ။
အဲဒီဌာနက သင့်တော် မယ်ထင်တဲ့ စာတမ်း ၅ စောင်ကို ရွေးချယ် ထားတယ်။
ကိုယ်တို့ ၅ ယောက်ကို စာတမ်း တစောင်စီ ပေးပြီး ဖတ်စေတယ်။
ဆွေးနွေးစေတယ်။ ပြီးရင်အလုပ်ရုံဆွေးနွေးပွဲလေးတွေ စမယ်။

စ စ ချင်းမှာ ဌာနဆိုင်ရာက သက်ဆိုင်တဲ့ မန်နေဂျာတွေနဲ့ အရာရှိငယ်တွေနဲ့ အရင်စပြီး ဆွေးနွေးကြမယ်။
အဲဒီက ရလာတဲ့ အကြံပေးချက်တွေ၊ ဆွေးနွေးချက်တွေကို ၀န်ထမ်းတွေ အားလုံးဆီ လက်ဆင့်ကမ်း ဖြန့်ဝေမယ်ပေါ့။
ဒီလိုနဲ့ ကိုယ်လည်း ကိုယ်ကို တာဝန်ပေးထားတဲ့ စာတမ်းငယ်လေးကို သေသေချာချာ ဖတ်ရတော့ တာပါပဲ။ ခေါင်းစဉ်ကလေးကို ဖတ်လိုက် ရတာနဲ့တင် ကိုယ် အကြီးအကျယ် စိတ်ဝင်စားသွားတယ်။

ခေါင်းစဉ်နံမယ်က Inequality Theory တဲ့။ ခွဲခြားဆက်ဆံမှု သီအိုရီပေါ့လေ။
ဒါနဲ့ အကြောင်းအရာကို ဆက်ပြီး ဖတ်ဖြစ်တယ်။
တက္ကသိုလ်က ဘွဲ့ရခါစ ကျောင်းသားလေးဟာ ကုမ္ဗဏီတခုမှာ အလုပ်ရခဲ့တယ်။
အလုပ်အတွက် သူ့ကိုပေးတဲ့ လစာဟာ တက္ကသိုလ်ထွက်စ ကျောင်းသား တယောက်အတွက် မမျှော်လင့်ထားတဲ့ လစာ ဖြစ်နေတယ်။ သူ အင်မတန် ပျော်တာပေါ့။
သူ့ရဲ့လစာကိုလည်း သူကျေနပ်တ်ာလေ။ သူပျော်နေတော့ အလုပ်လုပ် ရတာလည်း တက်ကြွနေတာပဲ။
ဘယ်တော့ ကြည့်ကြည့် ကျောင်းသားလေးဟာ အားသွန်ခွန်စိုက် လုပ်နိုင်တယ်။
သတ်မှတ်ချိန်အတွင်း လုပ်ငန်းတွေ ပြီးခဲ့တယ်။ ဥိးဆောင်မှု တွေလည်း ပေးနိုင်ခဲ့တယ် တဲ့။
ဒါပေမယ့် တနေ့ မှာပေါ့ …

သူနဲ့ တချိန်နီးပါး အလုပ်ဝင်လာတဲ့ သူ့လိုပဲ တက္ကသိုလ်ဘွဲ့ရခါစ လုပ်ဖော်ကိုင်ဖက်ရဲ့ လစာကို သိခွင့်ရလိုက်တယ်။
သြော် ပြောရဦးမယ် …နိုင်ငံခြားတွေမှာ လစာတွေဟာ confidential ခေါ် လျို့ဝှက်ပေါ့။
ကိုယ့်လစာကို ဘယ်သူမှ မပြောရဘူးတဲ့။ ဒါပေမယ့် လူပဲလေ … သိတယ် မဟုတ်လား။
လူဆိုတာ အင်မတန်မှ စပ်စုတာ အဲလေ သိချင်နေတာ.။ ဒါနဲ့တယောက်အကြော်ငး တယောက် စပ်စုရင်း သိလာခဲ့ရတယ်။ သူ့ထက် လစာ အပုံကြီး များနေတယ်တဲ့။
အဲဒီအချိန်ကစပြီး သူဟာ အလုပ်မှာ မပျော်နိုင် တော့ဘူးတဲ့။
သူ့စိတ်ကိုယ်လည်း သူ အကြိမ်ကြိမ် ဆုံးမသတဲ့။
လက်ရှိ သူရတဲ့ လစာဟာ သူ့ဖာသာသူ ကျေနပ်စရာပါလို့။ ဒါပေမယ့် ခဏပါပဲ။
မပျော်နိုင်တဲ့ စိတ်က ပြန်ပြီး ဖိစီးပြန်ပါလေရော။
တကယ်တော့ သူဟာ သူနဲ့ အတွေ့အကြုံ၊ ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည် မကွာသူနဲ့ ယှဉ်ပြီး ခွဲခြား ဆက်ဆံခံနေတဲ့ အဖြစ်ကိုသာ လက်မခံနိုင်တာပါ။ အဲဒီအဖြစ်ကသာ သူ့ကို မပျော်ရွှင် စေတာပါ။ ဒီလိုနဲ့ပဲ အင်မတန် လုပ်ရည် ကိုင်ရည် ကောင်းပြီး ရိုးသားတဲ့ ၀န်ထမ်းတယောက်ကို ကုမ္ဗဏီဟာ ဆုံးရှုံးခဲ့ရတယ်။

အဲဒီစာတမ်းငယ်က ဆက်ပြီး ဆွေးနွေးထားပါတယ်။ ဒီခွဲခြားဆက်ဆံမှု ပေါ်လစီဟာ ကုမ္ဗဏီတွေအတွက် ရေရှည်မှာ အကျိုးအမြတ်ကို မရစေနိုင်ပါဘူး။
ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးလက်လွှတ်ရတဲ့အတွက် ကုမ္ဗဏီဟာ ဆုံးရှုံးမှုတွေသာ ဖြစ်စေတယ်တဲ့။ ဒါကြောင့် ရေရှည်
အကျိုးစီးပွားကို ကြည့်တဲ့ ကုမ္ဗဏီတွေဆိုရင် ဒီခွဲခြား ဆက်ဆံမှု ပေါ်လစီကို မကျင့်သုံးဖို့၊ မသုံးမိဖို့ လိုတယ် ၊
ဒါမှ ပျော်ရွှင်တက်ကြွ မခိုကပ်တဲ့ ၀န်ထမ်းကောင်းတွေ ရလာမှာ ဖြစ်တယ် ဆိုပြီး
ထောက်ပြ ဆွေးနွေးထားလိုက်တာ …။ ကဲ ဘယ်လောက်ကောင်းလိုက်သလဲ …။
ကိုယ့်မှာ ဒီစာတမ်းကို တင်ပြဖို့ ထပ်တလဲလဲ ဖတ်လေလေ ကိုယ့်အဖြစ်ကို ရေးနေသလို ခံစားနေရလေပဲ ဖြစ်နေတော့တယ်။
သြော် ကြားဖြတ်ပြောရဦးမယ်။ ကိုယ်ရဲ့ အဲဒီကုမ္ဗဏီက နိုင်ငံခြားနဲ့ ဦးပိုင်ဖက်စပ် ဆိုတော့ လစာပေးတာတွေလည်း Confidential လျို့ဝှက် ပဲလေ။
ပြီးတော့ … အဲသည်အချိန်တုန်းက လစာပေးပုံက ၂ မျိုးကွဲနေတယ်။ ကုမ္ဗဏီ တည်စ ၀န်ထမ်းတွေက ဒေါ်လာနဲ့ ရပြီး နောက်မှ ၀င်တဲ့ ၀န်ထမ်းတွေက ဗမာကျပ်ငွေ နဲ့ပေါ့။
ဒါပေမယ့် ကိုယ်က ကျေနပ်ပါတယ်။ ကိုယ်ရတဲ့ လစာက တက္ကသိုလ်မှာ ဆရာမလုပ်တုန်းက ရတဲ့ လစာထက် အဆ ၂၀ တောင် ကျော်နေသကိုး။
ပြောရဦးမယ်။ ကိုယ့်လုပ် ဖော်ကိုင်ဖက် တယောက်က သတိမေ့တတ်တယ်။ တနေ့မှာ သူ့ရဲ့လစာ စာရွက်ဖြတ်ပိုင်းလေး ကိုယ့်စာပွဲပေါ်မှာ မေ့ပြီး ကျန်ခဲ့တယ်။
အမှတ်မထင် တွေ့လိုက်ရတဲ့ လစာကို မြင်တော့ ကိုယ်ဟာ မိုက်ခနဲ ဖြစ်တော့မလို့ စာပွဲကို ကိုင်ပြီး အတော်ကြာ ရပ်နေရတယ်။
ဒီအဖြစ်အပျက်ကလေးဟာ စာတမ်းမဖတ်ခင် ၁ လ လောက်က ဖြစ်ခဲ့တာပေါ့။
ကိုယ်တို့ အလုပ်ရုံ ဆွေးနွေးပွဲဟာ အတော့်ကို လှုပ်သွားစေတယ်။
အဲဒီစာတမ်း ၅ စောင် ထဲက ကိုယ့်စာတမ်းက အတော်ကို လှုပ်သွားစေတယ်။
တင်ပြ ဆွေးနွေးသူ ကိုယ်က သရုပ်မှန်လွန်းလို့နဲ့ တူပါရဲ့။ ဆွေးနွေးတင်ပြချိန်မှာ ကိုယ်ဟာ ကိုယ် မဟုတ်တော့ဘဲ စာတမ်းထဲက တက္ကသိုလ် ကျောင်းသားလေးလို ဖြစ်နေတယ်။ အရာရှိငယ်တွေ ကြားမှာ ကိုယ့်စာတမ်းဟာ အရမ်းကိုပေါက် သွားခဲ့တယ်။

ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက် လေး … ဆိုသလို တက်ကြွပျော်ရွှင်မှုနဲ့ လုပ်ငန်းခွင် ၀င်နိုင်ဖို့ စီစဉ် ဆွေးနွေးကာမှ
ဒီခွဲခြားဆက်ဆံမှု ပေါ်လစီဟာ ဟိန်းထလာတယ်။
စာတမ်းဖတ်သူ ကိုယ်တိုင်လည်း Training Department ရဲ့ အကြီးအကဲတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။
တကယ်လို့ ခွဲခြားဆက်ဆံမှုပေါ်လစီတွေ ကျင့်သုံးဆဲ ဖြစ်နေရင် ၀န်ထမ်းကောင်းတွေ ဆက်ပြီး လက်တွဲ မဖြုတ်နိုင်ဖို့ လက်တွဲနိုင်ဖို့ ပေါ်လစီ ပြင်ဆင်ကြဖို့ ရှိပါသလားပေါ့။ သူတို့မှာ အဖြေ မရှိခဲ့ပါဘူး။

နောက်ဆုံးတော့ ထိုင်နေရင် အကောင်းသား၊ ထမှ ကျိုးမှန်းသိ … ဆိုတဲ့ စကားလိုပါပဲ။
တက်ကြွဆွေးနွေး တင်ပြတဲ့ ကိုယ်လည်း လုပ်သင့်တယ် ထင်တဲ့ အဖြေတခု ကိုယ့်ဖာသာ ရှာဖွေ ထုတ်လိုက်ရတော့တယ်။ တရားဝင်နှုတ်ထွက်စာ တင်လိုက် တာပါပဲ။
ကိုယ့်နှုတ်ထွက်စာမှာ လက်မှတ်ထိုးဖို့ ကိုယ့်ရဲ့ အကြီးအကဲ Brew Master နဲ့ တွေ့ခဲ့ရပါတယ်။
လက်တွေ့ဘ၀မှာ အပျံသင်စ မနူးမနပ် အရွယ် ကိုယ့်ကို တားပါသေးတယ်။
လောကကြီးရဲ့ မညီမျှခြင်းတွေကို ရဲရဲကြီဒး တွန်းလှန်ပစ်မယ် ဆိုတဲ့မာန်တွေ တောက်လောင်နေတဲ့ ကိုယ့်ကို တားမရတဲ့ အဆုံး
စင်္ကာပူနိုင်ငံသား

Brew Master က စကားလက်ဆောင် တခွန်း ပေးလိုက်ပါတယ်။ "Equality ဆိုတာ လောကကြီးမှာ ရှိခဲလှပါတယ်။ ကံကောင်းပါစေကွယ် …" တဲ့။

အဲဒီအချိန်မှာ အတွေ့အကြုံတွေ ရင့်ကျက်နေပြီဖြစ်တဲ့ အဖိုးအိုပေါက်စ သူ့မျက်နှာမှာ အရိပ်တချို့ ဖြတ်သွားတာ တွေ့လိုက်ရတယ်။
ကိုယ်လည်း လှစ်ခနဲ့ဝဲလာတဲ့ မျက်ရည်ကို ဖြတ်ခနဲ့ သုတ်ပစ်လိုက်ပြီးချိန်မှာ
သူလည်း ကိုယ့်ရဲ့ နှုတ်ထွက်စာမှာ လက်မှတ်ထိုးပြီး ချိန်ပါပဲ။

ပြန်တွေးတိုင်း သတိရမိတဲ့ ကိုယ့်ရဲ့ အမှတ်တရ ဘ၀စာမျက်နှာ တရွက်ပေါ့ …။


ဟေမန်သဇင်
သြဂုတ် ၂၄၊ ၂၀၁၀

MoeMaKa Media

Labels:


Share

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

Links to this post:

Create a Link

<< Home


  Pervious post   »
1   2   3   4   5   6   7   8   9   10   all pots 


HOME TOP