“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး … ရှင်တို့မှာ ခေါင်းမရှိဘူး”
ငယ်ငယ်က
ဥရောပကျွန် တော်လှန်ရေးသမိုင်းမှာ
အဖမ်းခံရတဲ့ ကျွန်သူရဲကောင်းတွေအကြား
‘ဘယ်ကောင်လဲ စပါတာကပ်’ လို့ မေးတော့
အားလုံးမတ်မတ်ရပ်ပြီး
ငါပဲ၊ ကျုပ်ပဲ၊ ဒီမှာပဲ ဆိုပြီး
ရင်ကော့ဖြေခဲ့ကြတယ် ...
ငါ့ငယ်အိမ်မက်ထဲက သူရဲကောင်းတွေလေ
ကြက်သီးတွေ ဖြန်းဖြန်းဝေ အားကျခဲ့ဖူးတယ် ...။
အခုအရှင်လတ်လတ်ကြီး မြင်တွေ့ခဲ့ရပြီ ...
ဒါပေမယ့်
စပါတန်တွေလို ယောင်္ကျားတွေ မဟုတ်ဘူး
စပါတန်တွေလို လက်နက်တွေ ကိုင်တိုက်ခဲ့သူတွေ မဟုတ်ဘူး
သူတို့ရင်ထဲမှာ ဒုက္ခသစ္စာဒိုင်းနဲ့
သူတို့နုတ်ဖျားက သံမဏိသွားလို လက်နက်က
“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ......
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .......”
ဟုတ်ပါရဲ့
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ပဲရှိတယ် ...
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့ အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ် ...။
သြော် ... လှိုင်သာယာ ... လှိုင်သာယာ
နာမည်ကလွဲပြီး
ဘာမှ မလှိုင်ခဲ့၊ မသာခဲ့၊ မယာခဲ့နေရာ။
လှိုင်သာယာဆိုတာ
ကျမတို့ကို ရှိရင်းစွဲနေရာတွေကနေ
ကန်ထုတ်ခံခဲ့ရတဲ့ နေရာ ...
ကျမတို့ကို ကျူးကျော်ဆိုပြီး
ကျမတို့ဘဝတွေထဲကို
ခေါင်းမရှိသူတွေ ကျူးကျော်လာပြီး
လှိုင်သာယာဆီကို ပို့ပစ်ခဲ့တာလေ …။
ဒါပေမယ့် ကျမတို့ ရိုးသားခဲ့တယ်
ကျမတို့ သစ္စာမြဲခဲ့တယ်
ကျမတို့ သည်းခံခဲ့တယ် …။
ကျမတို့ နိုင်တဲ့ဝန်
ကျမတို့ စွမ်းတဲ့အားနဲ့
ကျမတို့ဘဝကို အစွင့်ဆုံးကားချဲ့ခဲ့တယ် …။
ကျမတို့အားလုံး
လှိုင်သာယာမှာ ပျော်အောင်နေခဲ့ပါတယ် …။
ကျမတို့တတွေ ကျော်အောင်မနေခဲ့ဖူးသလို …
ကြွားအောင်နေဖို့လည်းဝေး ... ဝေးလွန်းခဲ့ပါတယ်…။
အဖေ ရှာမလောက်တာကို အမေ ဝင်ကူထောက်ပြီး
မောင်နဲ့ နှမတတွေ
တခွန်တအား စီးဝင်ရုန်းခဲ့ရတဲ့နေရာဟာ
လှိုင်သာယာပါ ...။
တနေ့ ၅၀၀-၁၀၀၀ ကနေ
တလ ၂၅၀၀၀-၃၀၀၀၀ တွေ စုဝေးရာ
အောင်မြေဌာနေ လှိုင်သာယာမြေပါ ...။
ကျမတို့ရဲ့ဒုက္ခသစ္စာဟာ
တော်လှန်ရေးဂါထာဖြစ်လာတဲ့တနေ့ကျတော့
တာဝန်ယူညှိနှိုင်းပေးတတ်ပုံများ
ကမ္ဘာမှာ ဘုရားတည်၊ ကျောင်းဆောက်နေပါတယ်လို့ အူတတ်တဲ့
ခေါင်းမရှိ လူကြီးမင်းများခမျာ
ပြာပြာသလဲ ခေါဘဏီတပ်ကြီးချီလို့
ဒိုင်းလွှားသေနတ် တကားကားစီလို့
ကျမတို့ဆီ ရောက်လာပုံများ
သူတို့နဲ့ ကျမတို့အကြား ရန်၊ ငါစည်းများ ခြားထားသလိုလို
ကျမတို့များ လက်နက်ဆွဲကိုင် တော်လှန်နိုင်သလိုလို
ကျမတို့များ ဒေါင်းအလံလွှင့် သူတို့ကို တော်လှန်တတ်သလိုလို
ကျမတို့များ သူတို့အကြောဆွဲစေတတ်တဲ့ ဒီမိုကရေစီ တောင်းနေသလိုလို ...။
ကျမတို့ စုရုံးနေတယ်ဆိုတာ
ရှင်တို့ရှာခဲ့တဲ့ ပြဿနာရဲ့နောက်ဆက်
ကုန်ဈေးနှုန်းတွေ ပျက်ကုန်လို့
လစာတိုးပေးရေးအတွက်
ကျမတို့ အလုပ်ရှင်နဲ့ ဆွေးနွေးနေတာပါရှင် ...။
ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
ကျမတို့ဘဝတွေကို လှိုင်သာယာ
ရှင်တို့ ပို့ခဲ့တာကို၊
အထည်ချုပ်တွေ ရှင်တို့ တည်ခဲ့တာကို၊
စက်မှုဇုံတွေ ရှင်တို့ ဆောက်ခဲ့တာကို၊
အရသာက ရှင်တို့လျှာပေါ်မှာ
ဘဝနာတာက ကျမတို့ပါရှင် ...။
အခုကြည့်
အိတ်အိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံး ကလေးငယ်တွေကို
လှိုင်သာယာမှာ မွေးတယ်
(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက် အထူပြောဆုံးနဲ့ ပျံကျတွေ အပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေတယ်
(အဲဒါရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
ကျမတို့တွေထဲကတချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လို တိုင်းပြည်ကို လည်ပင်းညှစ် ခိုးမစားခဲ့ဘူး ...။
ကျမတို့ရသမျှ လစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို
သားမြေးတီတွတ် ဝလင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျှောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင် ...။
လူစုစုမြင်ရင် နိုင်ငံရေးလုပ်မယ်ထင်တဲ့
ခေါင်းမရှိတဲ့ ရှင်တို့လိုလူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ
ကျမတို့ဆုံးဖြတ်ချက် ဘာမှမလွဲမှားခဲ့ပါဘူး ...
ကျမတို့ ယုံတယ်
ရှင်တို့သာ ရူးနေတာပါ။
အဲဒီလိုအကျိုးဆက်ကြောင်ု
အဲဒီအသီးတွေ သီးခဲ့တယ်….။
အဲဒီလမ်းပေါ်မှာ အဲဒီသွေးတွေ မြေကျဖို့
ဘယ်နတ်သိကြားကများ နှစ်လိုပျော်ရွှင်ခဲ့ပါလိမ့် ...
ကျမတို့တွေးရင်း ကျောစိမ့်ဖူးပေမယ့်
တခါမှ အမှန်တရားနဲ့ မကင်းကွာခဲ့ပါဘူးရှင့်။
ဟုတ်မှာပါလေ ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့ အိပ်မက်ထဲမှာ
ကျမတို့ ရင်ဘတ်ထဲမှာ
အဲဒီစကားသံတွေ ဆူညံမြည်ဟည်းနေကြပါတယ်ရှင် ...။ ။
နှမတို့ရေ ...
တခါတလေ တိုက်ပွဲဆိုတာရဲ့အဓိပ္ပာယ်က အနိုင်ရတာမဟုတ်ဘူး။ အရှုံးမပေးကြောင်း သိသာစေတာလည်း တိုက်ပွဲတခုရဲ့ အနှစ်သာရ၊ ဂုဏ်သိက္ခာဖြစ်တယ်။ ငါတို့တွေ စိုက်ပျိုးခဲ့သမျှ လူ့သမိုင်းဖြစ်စဉ်မှာ၊ မြန်မာ့သမိုင်း ဖြစ်စဉ်မှာ အသီးအပွင့်တွေ ပြန်ဖြစ်လာမှာသေချာတယ်။ ကျွန်တော်တို့ အဘိုးအဘေး ရေနံမြေလုပ်သားတွေ၊ လယ်သမားတောင်သူတွေလည်း သူတို့ခေတ်မှာ မတရားသူတို့ရဲ့စနစ်ကို သည်းမခံနိုင်တဲ့အဆုံး အုံးအုံးကြွ တော်လှန်ခဲ့ဖူးတယ်။ သမိုင်းမှာ ထင်ရှားကျန်ခဲ့တယ်။
အခု ကျွန်တော်တို့ခေတ်နဲ့ ပတ်သက်သက်ဆိုင်သမျှ မတရားမှုကို တော်လှန်တဲ့ တော်လှန်ရေးတိုင်းဟာ ကျွန် တော်တို့လက်ထဲမှာပါ။ သေသေချာချာ ဆုပ်ကိုင်ခွင့်ရတဲ့တနေ့ မာန်နတ်မင်းနဲ့လည်း တွေ့သင့်ကတွေ့မယ်။ အာဏာရှင်နဲ့ ရှင်းသင့်ကလည်း ရှင်းရမယ်။ သစ္စာတရားသာမှန်ရင် ကျွန်တော်တို့ အလံမလဲဘူး။ သူတို့ကို အခု တပွဲမှာ အနိုင်မရလိုက်သေးရင်တောင် အရှုံးမပေးခဲ့ဘူး၊ ကျေနပ်နှစ်သိမ့်နေတာ မဟုတ်ဘူးဆိုတာ အနည်းဆုံး တန်ဖိုးအဖြစ်နဲ့ သိသာစေသွားတယ်ဆိုတာ ညည်းတို့ ယုံလိုက်ကြပါ။
နှမတို့တိုက်ပွဲဟာ အနိုင်ရခဲ့တယ်ဆိုတာထက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ နှမတို့ရဲ့ဆန္ဒပြပွဲဟာ အာဏာရှင် စနစ်အောက်က ဒုက္ခပင်လယ်ဝေနေကြတဲ့ ကျွန်တော်တို့ မိဘပြည်သူအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ ကမ္ဘာကသိပါတယ်။ ဆင်းရဲဒုက္ခနဲ့၊ သေနတ်တကားကား၊ တုတ် ဒိုင်းတွေကြားကနေ နှမတို့ရဲ့ ဆန္ဒပြပွဲဟာ လှ လှပပ ဂုဏ်သရေရှိရှိ ဖူးပွင့်ခဲ့ပါပြီ။
ကမ္ဘာအရပ်ရပ်၊ မြို့ရွာအသီးသီးက ညီအကိုမောင်နှမများခင်ဗျား ...
ကျွန်တော်တို့တိုင်းပြည်ရဲ့ အနိမ့်ပါးဆုံးနဲ့ အရိုးသားဆုံး ဘဝရှင်များဖြစ်တဲ့ လှိုင်သာယာက အထည်ချုပ်သမ နှမ၊ အမ၊ မိခင်လောင်းများရဲ့ ဆန္ဒပြပွဲကို တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အနည်း ဆုံး ဆုတောင်းမေတ္တာပို့ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
အတွင်းတည် အိုင်းအနာမှန်သမျှ တချိန်ချိန်မှာ သွေးပုပ်ပြည်ယို စက်စက်ကျပြီး ပေါက်ထွက်လာကြမှာပါ။ သစ္စာတရားရဲ့ အိုးထိန်းစက်ဟာ စတင်လည်ပတ်လို့လာပါပြီ ရင်ဆိုင်ရဲ၊ ရင်ဆိုင်နိုင်ဖို့သာ လူကြီးမင်းတို့ အသင့် ပြင်ထားကြပါတော့လို့လည်း ...။
နိုင်ငံပြုသစ္စာဖြင့် ...
ရွက်သစ်
(လှိုင်သာယာဆန္ဒပြပွဲများသို့ ဂုဏ်ပြုရေးဖွဲ့ပါသည်)
http://drlunswe.blogspot.com/2010/02/blog-post_20.html
Labels: ဆောင်းပါး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home